မြန်မာနိုင်ငံရှိ အခြေခံပညာ မူလတန်း၊အလယ်တန်းနှင့်အထက်တန်းကျောင်းသားများအတွက် လေ့လာချိန်ပိုမိုရရှိစေရန် သင်ရိုးမာတိကာများ အသီးသီးလျှော့ချထားသည့် သင်ရိုးသစ်ကို လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းသုံးစာအုပ်များတွင် ပါဝင်သော သင်ခန်းစာများနှင့်ပတ်သက်၍ မူလတန်းအဆင့်တွင် ၂၀ရာခိုင်နှုန်း၊အလယ်တန်းအဆင့်နှင့်အထက်တန်းဆင့်တွင်၁၁ရာခိုင်နှုန်း အသီးသီးလျှော့ချထားသည့် မာတိကာ၊ညွှန်းတမ်းများနှင့်ဖတ်စာအုပ်များကို အသုံးပြုရန် ဆောင်ရွက်ထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ယင်းကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေခံသင်ရိုးသည် သင်ခန်းစာများ များပြားစွာ ပါဝင်နေပြီး ကျောင်းတွင်းနှင့်မလုံလောက်သည့် ကျူရှင်များ ပေါ်ပေါက်လာရကြောင်း ထို့ကြောင့်သင်ရိုးများကို ဆန်းစစ်ရန်လိုအပ်နေပြီဖြစ်ကြောင်း၊၎င်းအပြင် ကျောင်းသားများစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ ဖြိုးစေရန်အတွက် နည်းနည်းသင် များများလေ့လာရသော သင်ခန်းစာမျိုး ဖန်တီးပေးရန်လိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြောကြားရာတွင် နည်းနည်းများများ လေ့လာရသော သဘာဝတရားကို အခြေခံပြီး သင်ကြားခြင်းကို ကျောင်းသားဆရာအချိုး ၁:၂၀ ရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊လက်ရှိမြန်မာနိုင်ငံ၏ ကျောင်းသားဆရာအချိုးမှာ ၁:၃၀ ဖြစ်ကြောင်း၊ယခုပြုပြင်ထားသော သင်ရိုးမာတိကာအသစ်သည် ကျောင်းသားများကိုယ်တိုင် များများလေ့လာသင်ယူနိုင်သော နိုင်ငံတကာအရည်အသွေးရှိကြောင်း၊ထို့ကြောင့် လာမည့် ပညာသင်နှစ်တွင် မူလတန်းကျောင်းတိုင်း၌ ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာအင်အားအနည်းဆုံး ငါးဦး ခန့်ထားနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
Admin-4
Credit-တို့ကျေးရွာ
No comments:
Post a Comment